မကွေး စက်တင်ဘာ ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထပ်မံမဖြစ်ပွားစေရန်နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့ကို မကွေးမြို့ပေါ် ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုဆောင်ရွက်မှုတွင် မကွေးမြို့ပေါ်ရှိ အောင်မင်္ဂလာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက် ရန်ကျော်ရပ်၊ ရန်မျိုးလုံရပ်၊ ရန်ကင်းရပ်နှင့် ရန်မျိုးနိုင်ရပ်တို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်မှု ထပ်မံမဖြစ်ပွားစေရန် အသိပညာပေးချက်များ၊ ရာသီ အလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အချက်များ အား အသံချဲ့စက်ဖြင့်လှည့်လည်၍ အသိအညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်မှုကာကွယ် ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေ ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထပ်မံမဖြစ်ပွားစေရန်နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုတစ်ရပ်အဖြစ် တိုင်းဒေသကြီးအတွင်းရှိ နတ်မောက်၊ ချောက်၊ မင်းဘူး၊ သရက်၊ မင်းလှ၊ ပခုက္ကူ၊ ပေါက်၊ ဆိပ်ဖြူနှင့် ဂန့်ဂေါမြို့များမှာလည်း ယနေ့ နံနက်ပိုင်းက တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူး ဦးမြင့်စိုးထံမှ သိရသည်။
သန်းနိုင်ဦး (ငဖဲ)