ကလေး ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဌာနအတွင်းရှိ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုပြည့်စုံ ကြွယ်ဝလာစေနိုင်ရေးအတွက် သင်တန်းဖွင့်လှစ် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ရုံးစာများ၏ ဦးစားပေးအဆင့်အတန်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ကို အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းမင်းအောင်က ရုံးလုပ်ငန်းအဓိပ္ပါယ်၊ ပြီးပြည့်စုံသော ရုံးလုပ်ငန်းနှင့် ရုံးလုပ်ငန်းသဘောတရားများကို ဆွေးနွေးခဲ့ပြီး ကလေးဝမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်ထွန်းမှ ရုံးစာရေးသားနည်းများကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ပြန်လည် ဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းကို ဇူလိုင်လ ၂၇ ရက်နေ့မှစတင်၍ ယနေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စာပေချစ်မြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်း၊ အသိပညာပေး ဆွေးနွေးမှုများနှင့် သင်တန်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလေး(ပြန်/ဆက်)