ထားဝယ် ဇူလိုင် ၂၉
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသော အမျိုးသားတစ်ဦးချင်း၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ပြိုင်ပွဲတစ်လျှောက်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား လည်းကောင်း၊ တစ်ဦးချင်း ပြိုင်ပွဲတွင်ပထမဆုရရှိသည့် ထားဝယ်မြို့နယ်မှ မောင်စွမ်းပြည့်ထွန်း၊ ဒုတိယဆုရရှိသည့် မြိတ်မြို့နယ်မှ မောင်လွှမ်းမိုးအောင်နှင့် တတိယဆုရရှိသည့် မောင်ဇေယျာဖြိုးအားလည်းကောင်း၊ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြိတ်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့်ထားဝယ်မြို့နယ်အသင်းနှင့် တတိယဆုရရှိသည့် သရက်ချောင်းမြို့နယ် အသင်းတို့အား လည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြိတ်မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)