ပွင့်ဖြူ ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင် က "လူငယ်နှင့် ခေါင်းဆောင်" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ အနာဂတ်တွင် ထူးချွန်ထက်မြက်သော အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန် ကြိုးပမ်းလုပ်ဆောင်ရမည့် အချက်များကိုလည်းကောင်း၊ ပွင့်ဖြူမြို့ (အ.ထက)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေကျော်က "လူငယ်နှင့် စာရိတ္တ" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်ဝစေရေးအတွက် သတိပြုလိုက်နာရမည့် အချက်များနှင့် ကိုယ်ကျင့်သီလ ကောင်းမွန်စေရေး လုပ်ဆောင်ရန် အချက်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက "လူငယ်နှင့် ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် လူငယ်များ၏ အနာဂတ်ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်ပန်းတိုင်ထားပြီး ကြိုးစားအားထုတ်ရမည့် အချက် များနှင့် ဆောင်ရန် ရှောင်ရန်များကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လျှပ်စစ် ခြိုးခြံချွေတာရေးဆိုင်ရာ အချက်များ ပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်း ပြသပေးခဲ့ကြောင်း သိရသည်။
ယခုပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်မောင်မယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ တိုးပွားလာစေရန်၊ နိုင်ငံအတွက် အားကိုးအားထား ပြုရသော ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးခြင်းနှင့်အတူ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ထက်မြက်ပြည့်စုံသောသူများ ဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရပြီး ကျောင်းသားကျောင်းသူ ၂၀၀ ဦးကျော် တက်ရောက်ခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)