ကျောင်းကုန်းမြို့၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းကုန်း ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ကျောင်းသား၊ ကျောင်းသူများအနေနဲ့ မိမိအမှိုက်ကို မိမိကိုယ်တိုင် ထိမ်းသိမ်းထားပြီး အမှိုက်စွန့်ပစ်တဲ့နေရာမှာသာ စည်းကမ်းတကျ စွန့်ပစ်စေချင်ပါကြောင်း ပြောကြားခဲ့ပြီး၊ မြိုနယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်က မြို့ရွာတိုင်း Clean City, Green City, Smart City ဖြစ်ဖို့ အမှိုက်ကင်းစင်တဲ့မြို့ဖြစ်အောင် ဝိုင်းဝန်းကူညီ ပါဝင်ကြစေလိုကြောင်း ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းက  မီးဖိုချောင်ထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံဆေးခန်းထွက်အမှိုက်၊ ခြံထွက်အမှိုက်၊ စက်ရုံ/အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်နှင့် သာမန်အမှိုက်ဆိုပြီး (၇)မျိုးရှိပါကြောင်း၊  မိမိတို့ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပမှုမရှိလျှင် ရောဂါများ ရရှိစေမှာဖြစ်ကြောင်း၊ အမှိုက်စနစ်တကျ စွန့်ပစ်ခြင်း၊ အမှိုက်ခွဲခြား စွန့်ပစ်ခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ကြစေလိုကြောင်း ဟောပြောခဲ့ပြီး မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေပေးခဲ့ကြ ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)