ဟင်္သာတ ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ဟင်္သာတတက္ကသိုလ်ကျောင်းတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းသိကောင်းစရာ ဟောပြောပွဲအခမ်းအနားကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းဘွဲ့နှင်းသဘင် ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက အဖွင့်အမှာစကား ပြောကြားရာ တွင် မိမိတို့ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းဝေးစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျနားလည်သိရှိ လိုက်နာကြရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အမှတ် (၈၄) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး သက်နိုင်ဦးနှင့် ဟင်္သာတခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ စစ်ဆေးရေးမှူး ဦးကျော်ဇေယျာထွန်းတို့က ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များ ယာဉ်မောင်းသူများလိုက်နာရန် စည်းကမ်းချက်များ၊ လမ်းလျှောက်သူများ လိုက်နာရန် စည်းကမ်း များကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ် စီနင်းရာတွင် လိုက်နာရမည့် သိကောင်းစရာများကိုလည်းကောင်း ပြစ်မှု၊ ပြစ်ဒဏ်များကို လည်းကောင်းအကျယ်တဝံ့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ စီမံခန့်ခွဲရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၇၀ ဦးက စိတ်ပါဝင် စားစွာ တက်ရောက်နားထောင်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ