ကလိန်အောင်မြို့၌ ပထမအကြိမ် မဲပေးမည့်လူငယ်များအား ပြည်သူ့နီတိ နှင့် ဆန္ဒမဲပေးပုံအသိပညာပေး

ကလိန်အောင်၊ စက်တင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ မရမ်းချောင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့က ပထမအကြိမ် မဲပေးမည့် လူငယ်များအား ပြည်သူ့နီတိ နှင့် ဆန္ဒမဲပေးပုံ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ထားဝယ်မြို့ ကလျာဏမိတ္တပရဟိတဖောင်ဒေးရှင်း နှင့် ကျေးရွာရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲတို့ပူးပေါင်းပြီး ထားဝယ်မြို့ကလျာဏမိတ္တပရဟိတဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးအောင်သူရလင်းက ပထမအကြိမ် မဲပေးမည့် လူငယ်များအား ပြည်သူ့နီတိနှင့် နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ၊ လွှတ်တော်အဆင့်ဆင့် ရွေးချယ်တင် မြှောက်မှု၊ မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်း၊ မဲစာရင်းကြည့်ရှုခြင်း၊ ပယ်မဲ၊ ခိုင်လုံမဲ၊ ကြိုတင်မဲ၊ Covid-19 ကာလအတွင်း လက်တွေ့သရုပ်ပြမဲပေးခြင်း၊ ရွေးကောင်ပွဲဆိုင်ရာအကြောင်းအရာများ အသိပညာပေး ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်း တက်ရောက်ကြသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လက်ဆေးခြင်း၊ အပူချိန်တိုင်းခြင်း စသည့်တို့ကို လိုက်နာဆောင်ရွက်ကြကြောင်း သိရသည်။

မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)