နိုင်ငံတော်၏ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်း

ဘားအံ ဇူလိုင် ၂၈

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသားဦးရေအရ ကျောင်းဆောင်သစ်လိုအပ် ချက်ရှိလာချိန်တွင် တောင်တန်းသာသနာပြုဗဟိုကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မပါလ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)မှ လှူဒါန်းသော မြတ် လေးဆောင်(၆၀ပေ x ၃၀ပေ)ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပခဲ့သည်။

ဦးစွာ တောင်တန်းသာသနာပြုဗဟိုကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တဓမ္မပါလ၊ ကရင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်တို့က ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အခမ်းအနားသို့တက်ရောက်လာသူများနှင့်အတူ ကျောင်းဆောင်သစ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ကျောင်းဆောင်သစ်နှင့်ပရိဘောဂပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ကယခုကဲ့သို့ ကျောင်းသား၊ကျောင်းသူများ စာသင်ခန်းလုံလောက်စွာသင်ကြားနိုင်ရေး ဆရာတော်ကြီးမှကြီးမှူး၍ တစ်ထပ်ကျောင်းဆောင်သစ်အပြင် စာရေးခုံများ၊ ပရိဘောဂများ ပြည့်စုံစွာလှူဒါန်းပေးသည့်အတွက် အထူးပင်ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းဆောင်သစ်အဆောက်အဦကို နှစ်ကြာရှည် တည်တံ့ကောင်းမွန်စေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ကျောင်းသားမိဘများ၊ အကျိုးတော်ဆောင်များအကူအညီဖြင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြင့် ဥပဓိရုပ်အမြဲ ကောင်းမွန်စေအောင်ဆောင်ရွက်ကြဖို့တိုက်တွန်းလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံ့တာဝန်၊ ပြည်နယ်၏တာဝန်အသီးသီးကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်နိုင်မည့် ထူးချွန်သောလူသားအရင်းအမြစ်များဖြစ်လာစေရန် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားပြီး ကျောင်းဆောင်သစ် အလှူရှင် တောင်တန်းသာသနာပြုဗဟိုကျောင်းဆရာတော်အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တဓမ္မပါလက နိုင်ငံတော်၏ပညာရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းရခြင်းဖြစ်ကြောင်း မိန့်ကြား သည်။

ယင်းနောက် တောင်တန်းသာသနာပြုဗဟိုကျောင်းဆရာတော်က ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သော စာရွက်စာတမ်း၊ အချက်အလက်များအား ကျောင်းအုပ်ဆရာမကြီးထံလွှဲပြောင်းပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ဆက်ကပ်လှူဒါန်းကာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း အထိမ်းအမှတ်အလံများအား ပေးအပ်သည်။

ဆက်လက်၍ အထက(ခွဲ)-၃ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်တို့က ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)