ဖားဆောင်း ဇူလိုင် ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက တောင်ပိုင်းရပ်ကွက်၌ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ပြန်လည်ဖြစ်ပွားလာပြီး မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိသည့် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှုအပြည့်အဝရရှိစေရန် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက်အကြိမ်ရေ ပြည့်ဝစွာ ထိုးနှံပေးကြပါရန် အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)