လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းရေးဆွဲနည်း (AVIP)သင်တန်းဖွင့်လှစ်

လေးမျက်နှာ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်အဝေးခန်းမတွင် ယနေ့ နံနက်ပိုင်း၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းရေးဆွဲနည်း (AVIP) သင်တန်း ဖွင့်လှစ်ခဲ့သည်။

လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လေးမျက်နှာမြို့နယ်၌ အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာ(၂၀)ရွာမှ ကော်မတီဝင်များအား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် စနစ်တကျ ဆောင်ရွက်နိုင်စေရန်၊ စီမံကိန်းဖောင်ပုံစံ (၄၈)မျိုးအား စနစ်တကျရေးဆွဲ တတ်စေရန်နှင့် ကော်မတီဝင်များ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် စီမံကိန်းကျေးရွာ(၂၀)၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၁၄)ခု၊ အုပ်ဘောင်ချောင်းချောက်လုပ်ငန်း (၁)ခု၊ လျပ်စစ် ၀.၄ လိုင်းဆွဲခြင်းလုပ်ငန်း (၅)ခုတို့အား နိုင်ငံတော်မတည်ငွေ ကျပ်သိန်း(၁၀၀)နှင့်  ကျေးရွာနေ ပြည်သူများ၏ ထည့်ဝင်ငွေများ စုပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းရေးဆွဲနည်း (AVIP)သင်တန်းကို ဆက်လက်ပို့ချ ခဲ့သည်။ သင်းတန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (တစ်ရက်)ဖွင့်လှစ်ပို့ချသွားမည်ဖြစ် ပြီး ကျေးရွာ (၂၀)ရွာမှတစ်ရွာလျှင် ကော်မတီဝင် ၂ ဦး စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့သည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်၍ ကျေးရွာ (၁၉)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ကျေးရွာ(၂၀)ရွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)