မြိတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်၍ ပြည်သူများအား အသိပညာပေး ဆောင်ရွက်

မြိတ်   ဇူလိုင်   ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကလွင်ကျေးရွာနှင့် ရေပုန်းရပ်ကွက်တို့တွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြပြီး ပြည်သူများအား အသိပညာပေးခဲ့ကြသည်။

“ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနဲ့ အဘိတ်ဆေးခပ်တဲ့လုပ်ငန်း၊ ဆေးဖျန်းလုပ်ငန်းတွေကို မိုးရာသီမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျော့ကျစေရေးအတွက် ပြည်သူတွေ အသိပညာပေးပြီး  ပိုးလောက်လန်း မပေါက် ပွားစေရေး၊ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါမဖြစ်စေရေး၊ အဓိကတော့ ဒီကာလမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုတွေ လျော့ကျစေရေး ရည်ရွယ်ပြီးတော့ ဆောင်ရွက် တာဖြစ်ပါတယ်” ဟု မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေး အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်း၍ ကလွင်ကျေးရွာ ရှမ်းချောင်းနှင့် ကလွင်ရွာမကျေးရွာတို့တွင်လည်းကောင်း၊ ရေပုန်းရပ်ကွက်တို့တွင်လည်းကောင်း တစ်အိမ်တက်ဆင်း ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

မြိတ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအနေဖြင့် ယခင်နှစ်ကထက် ပိုမိုဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလမှ လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ(၅၆၈)ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ပြည်သူလူထုအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့်  အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းကို ရပ်ကွက်/ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး  ( ပြန်/ဆက် )