ထားဝယ်၊ စက်တင်ဘာ ၁၀
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇) ဦးနှင့် သတင်းမီဒီယာ (၁) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ဆောင်ရွက်ခဲ့ပါသည်။
ထိုနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးနောက် အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၇) ဦးရှိသည့်အနက် (၂၆) ဦး တက်ရောက်ခဲ့သဖြင့် စုစုပေါင်း (၉၆ ဒသမ ၂၉) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့်ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန်လိုအပ်သော ကိုယ်စားလှယ် ဦးရေ (၃)ပုံ (၁)ပုံထက် ကျော်လွန်တဲ့အတွက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ် မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (တတိယနေ့) အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၃)ခု အား တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်း ဝင်များက ပြန်လည်ဖြေကြားပြီး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီး က ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ (မူကြမ်း) အား တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့်သဘောထားမှတ်ချက်ကို ဖတ်ကြားရှင်းလင်းခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင် ရာတိုင်းဒေသကြီးဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီး အပန်းဖြေစခန်းများဆိုင်ရာ ဥပဒေ(မူကြမ်း)ကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာ ၏တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ဖတ်ကြားရှင်းလင်းခဲ့ကြသည်။
၄င်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ၂၀၁၉ -၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေ (G.R.F)မှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် စပ်လျဉ်း သည့် အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ကို (၁၁:၂၀) နာရီအချိန်ခန့်တွင် ရပ်နားခဲ့ပြီး (စတုတ္ထနေ့)ကို စက်တင်ဘာ ၁၁ ရက်နေ့နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)