ဒေးဒရဲ ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လူထုပါဝင်မှုဖြင့် လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ အမှိုက်နှင့် ခြုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ကျေးရွာများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ဇီးဖြူချောင်းကျေးရွာတွင် ပြည်သူလူထုပါဝင်မှုဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက အဖွဲ့များခွဲ၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများရှိ နေအိမ်များ၊ ဌာနဆိုင်ရာ ရုံးများအတွင်း အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအားရှင်းလင်းခြင်း၊ စာသင်ကျောင်းများတွင် ကျောင်းကော်မတီအဖွဲ့များနှင့်ပူးပေါင်းပြီး စာသင်ခန်းများနှင့် ကျောင်း၀န်းအတွင်း ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေ၀င်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေဇာလင်း