ဒေးဒရဲ ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူ လျက်ရှိသည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု ရရှိစေရန် ရည်ရွယ်၍ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့က စတင်၍ မြို့ပေါ်နှင့် ကျေးရွာကျောင်းများ တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာအုပ်စု (၉၃)အုပ်စုရှိ အခြေခံပညာကျောင်း (၂၁၉)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း၊ စုစုပေါင်း(၂၂၁)ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၀၃၅၀)ဦးအား သက်ဆိုင်ရာ ကျောင်းများတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ အထိကျောင်းသား၊ ကျောင်းသူ(၈၃၈၀)ဦးအား ကာကွယ်ဆေးများ ထိုးနှံပြီးစီးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေဇာလင်း