ညောင်လေးပင်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အကြို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း

ညောင်လေးပင် စက်တင်ဘာ ၁၀

ညောင်လေးပင်မြို့နယ် ကြက်ခြေနီအသင်းနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ  ကမ္ဘာ့ရှေးဦး ပြုစုခြင်းနေ့ အထိမ်းအမှတ် အကြို  ယနေ့နံနက်ပိုင်းက ညောင်လေးပင်မြို့  ပျံကျဈေး၊ ကားဂိတ်၊ ရုံးဌာနတို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့  မြို့နယ်တပ်ဖွဲ့မှူး ဦးစိုးဝင်း ဦးဆောင်ကာ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် လူမှုကူ‌ညီရေးအသင်းမှ တာဝန်ရှိသူများ ပူးပေါင်း၍ ပျံကျဈေးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ပြီး မြို့ပေါ်ရုံးဌာနများသို့ ပါးစပ်နှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ ဆပ်ပြာတောင့်နှင့် ပိုစတာများ ပေးအပ် လှူဒါန်းခဲ့ကြသည်။
ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပံ့ပိုးပေးခြင်းဖြစ်ကာ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အကြို ဆောင်ရွက်ခြင်းဖြစ်ပြီး ပါးစပ်နှာခေါင်းစည်း  ၉၀၀ ခု၊ လက်သန့်ဆေးရည် ၂၄ ဗူး၊ ကာပေါ်လစ်ဆပ်ပြာတောင့် ၈၀ တောင့်နှင့် လက်ဆေးခြင်း နံရံကပ်ပိုစတာ  ၁၂၀ခု ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်လွင်(ညောင်လေးပင်)