တနင်္သာရီမြို့၌ အရေးပေါ်လူနာများအသုံးပြုနိုင်မည့် Oxygen Plant များထားရှိရန် အောက်ဆီဂျင်စက်ရုံဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

တနင်္သာရီ ဇူလိုင် ၂၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ ရေးလုပ်ငန်းများနှင့် အရေးပေါ်လူနာများအတွက် အလွယ်တကူအသုံးပြုနိုင်မည့် Oxygen Plant များထားရှိရန် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် လျှပ်စစ်မီးသွယ်တန်းရေး အတွက် တိုင်းဒေသကြီးလမ်းဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့က တာဝန်ယူ၍ မတ်လ (ဒုတိယ) အပတ်မှစ၍ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိရာ ဇူလိုင်လ ၂၁ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရသည်။

၎င်းတနင်္သာရီမြို့နယ် အောက်ဆီဂျင်စက်ရုံ အဆောက်အဦသည် (၂၅ပေ၊ ၃၀ပေ၊ ၁၅ပေ) သံကူကွန်ကရစ်()ထပ် အမျိုးအစားဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အထွေထွေပိုလျှံ ရန်ပုံငွေ (GRF) ငွေလုံးငွေရင်းရန်ပုံငွေတန်ဖိုး (၂၂ဒဿမ၂၇၀) သန်းကျပ်ဖြင့် တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ယူ၍ တည်ဆောက်ပေးခဲ့ရာ (၂၁--၂၀၂၂) နေ့တွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရှိရသည်။

အလားတူ ယင်းအောက်ဆီဂျင်စက်ရုံသို့  လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းအတွက်  တန်ဖိုးငွေ (၂၅ ဒဿမ ၄၉၀) သန်းကျပ်ဖြင့် တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ရာ ယခုအခါအောက်ဆီဂျင်စက်ရုံ ဓာတ်အားရရှိရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများလည်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူးရုံးမှ သိရသည်။

ယခင်က တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံတွင် လူနာများအတွက် အောက်ဆီဂျင် အရေးပေါ်လိုအပ်ပါက ပရဟိတအဖွဲ့များ၏ အကူအညီ၊ မြို့သူ/မြို့သား စေတနာရှင်များ၏ ထည့်ဝင်အလှူငွေဖြင့် (၅၄) မိုင် ကွာဝေးသည့် မြိတ်မြို့ရှိ အောက်ဆီဂျင်စက်ရုံသို့ သွားရောက်၍ Oxygen Plant များ ဖြည့်တင်းခြင်း/ သယ်ယူရခြင်းကြောင့် အချိန်ကြာခြင်း၊ အချိန်မီ မရရှိနိုင်ခြင်း စသည့် အခက်အခဲများကြုံတွေ့နေရကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း (ပြန်ဆက်)