မင်းဘူးခရိုင် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးကြီးကြပ်မှု အဖွဲ့ဝင်များနှင့် လာရောက် တွေ့ဆုံ ဆွေးနွေး

ပွင့်ဖြူ ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးကြီးကြပ်မှု အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲတွင် ရှေးဦးစွာ မင်းဘူးခရိုင် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဥက္က္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးတင့်ကျော်က ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် ပညာရေး ၊ ကျန်းမာရေး ၊ လမ်းပန်းဆက်သွယ်ရေး ၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက် သွားနိုင်ရေး ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း တက်ရောက်လာကြသူများအနေဖြင့် အကြံပြုဆွေးနွေးလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြည်သူ့ လုံခြုံရေးကြီးကြပ်မှုအဖွဲ့ အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှိမှသာ မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် မြို့နယ်အဆင့်ပြည်သူ့လုံခြုံရေးကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဝင်များအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားကာ ခရိုင်ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့မှ အဖွဲ့ဝင် ဦးထွန်းထွန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူ့လုံခြုံရေး လုပ်ငန်းများအပြင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးအတွက်  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် နယ်မြေအလိုက် ထူးခြားဖြစ်စဉ် အခြေအနေများရှိပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးကြီးကြပ်မှု အဖွဲ့ဝင်များက မြို့ပြနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြပြီး ခရိုင်ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးတင့်ကျော်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးကာ ပြည်သူ့လုံခြုံရေးကြီးကြပ်မှုလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)