ဘိုကလေး ဇူလိုင် ၂၈
လူငယ်မောင်မယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေး၊ အားကစားကိုချစ်မြတ်နိုးတတ်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၀) နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စုရှိ မြင်းကကုန်း အ.ထ.က ကျောင်းတွင် အားကစားဆိုင်ရာနှင့် လူငယ်ရေးရာ အသိ ပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
၎င်းဟောပြောပွဲ၌ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာကျော်မှ မိမိတို့နိုင်ငံတော် အား ဂုဏ်ရှိန်မြှင့်တင်ရာတွင် အားကစားသည်လည်း အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်ပြီး မိမိတို့ မြို့၊ ရွာ၊ မိမိတို့နိုင်ငံ အားကစားဂုဏ်မြှင့်တင်နိုင်ရေးအတွက် လူငယ်တိုင်းတွင် တာဝန်ရှိကြောင်း အားကစားဆိုင်ရာ များအား အဓိကထားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်မှ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန်နှင့် မိမိတို့ကျောင်းမှ စ၍ မိမိတို့ မြို့၊ ရွာ ပတ်ဝန်းကျင်နှင့် တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင်သော လူငယ်များ ဖြစ်လာစေရန် အဓိကအသုံးချ ရမည့်အရာမှာ အချိန်ဖြစ်ကြောင်းနှင့် အချိန်ကို အကျိုးရှိစွာ တန်ဖိုးထား အသုံးချတတ်စေရေးအကြောင်း အရာ များအား ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာကျော်မှ အားကစား သိပ္ပံကျောင်း တက်ရောက်လိုသည့် ကျောင်းသား/သူများအား သတ်မှတ်ချက်များနှင့် အညီ ရွေးချယ်ခဲ့ပြီး အ.ထ.က မြင်းကကုန်း ကျောင်းသား/သူများအတွက် အားကစား ပစ္စည်းများအား လှူဒါန်းရာ တာဝန်ခံကျောင်းအုပ်ကြီးမှ လက်ခံခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)