ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာ ပြုလုပ်စိုက်ပျိုးခြင်း တောင်သူ အသိပညာပေးသင်တန်း ဖွင့်လှစ်

နတ်မောက် ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာပြုလုပ်ခြင်း တောင်သူအသိပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်း မြေအသုံးချရေးတာဝန်ခံ ဒေါ်သီတာဝင်းက ပိုက်ဆံလျှော် (Sunn Hemp) သစ်စိမ်းမြေဩဇာအကြောင်း သိကောင်းစရာမှ မြေအမျိုးအစား၊ စိုက်ပျိုးခြင်းနှင့် ထယ်ထိုးမြေမြှပ်ခြင်း၊ မျိုးစေ့ထုတ်စိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာပင်အမျိုးမျိုး (ပိုက်ဆံလျှော်နှင့် အခြားပဲမျိုးစုံသီးနှံ)တို့၏ အပင်သက်တမ်းအလိုက် မြေဆီလွှာအတွင်းသို့ ဖြည့်ဆည်းပေးနိုင် မည့် အာဟာရဓာတ်နှိုင်းယှဉ်ခြင်း အသုံးဝင်ပုံနှင့် အကျိုးကျေးဇူးများစသည့် အကြောင်းအရာများကို အကျယ်တဝန်း  ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျေးရွာတောင်သူများကလည်း သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းခဲ့ကြရာ မကွေးတိုင်း မြေအသုံးချရေးတာဝန်ခံက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ နတ်မောက်မြို့နယ်အတွင်းရှိ ဘုန်းတော်ပြည့်ကျေးရွာ၊ ရွာမွန်ကျေးရွာ၊ တောင်ထောင့်ကျေးရွာ၊ အင်းကုန်းကျေးရွာနှင့် ဂွေးချောင်းကျေးရွာမှ စိုက်ပျိုးရေးတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း