မုံရွာ ဇူလိုင်လ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းစနစ် အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူးနှင့် တရားရေး အရာရှိများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၊ တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ မုံရွာမြို့ ရှေ့နေအသင်းတာဝန်ရှိသူများ၊ စေ့စပ်ဖြေရှင်းရေးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်၊၊
ရှေးဦးစွာ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးက တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များတွင် စေ့စပ်ဖြေရှင်းရေးဌာနကို ၁-၈-၂၀၂၂ ရက်နေ့မှ စတင်ပြီး တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုသည်မှာ တရားရုံး၌ စွဲဆိုပြီးဖြစ်သော တရားမမှုကို အမှုသည်တို့၏ ဆန္ဒအရ ဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ တရားရုံးရှိ စေ့စပ်ဖြေရှင်းရေးဌာန၌ အမှုသည်များ ကိုယ်တိုင်ပါဝင်ပြီး စေ့စပ်ဖြေရှင်းရာမှာ တရားရုံးက တာဝန်ပေးအပ်သည့် စေ့စပ်ဖြေရှင်းရေးအရာရှိ တစ်ဦးက အမှုသည်များအကြား ကြားဝင်ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းခြင်းဖြစ်ကြောင်း၊ တရားရုံးသို့ စတင်စွဲဆို တင်ပို့လာသော တရားမမှုများအနက် မိသားစုဆိုင်ရာ အငြင်းပွားမှုများ၊ ငွေကြေးဆိုင်ရာ အငြင်းပွားမှုများနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ စေ့စပ်ဖြေရှင်းပေးမည်ဖြစ်ပါကြောင်း၊ ထိုသို့တရားမမှုများကို စေ့စပ် ဖြေရှင်းဆောင်ရွက်ခြင်းအားဖြင့် အမှုသည်များနှင့် တရားရုံးတို့တွင် အမှုသည်များသည် မိမိတို့ အမှန်တကယ် အငြင်းပွားနေသည့် ပြဿနာအပေါ် မိမိတို့ကိုယ်တိုင် ညှိနှိုင်းဖြေရှင်း အဖြေရှာ ရခြင်းဖြစ်သည့်အတွက် စေ့စပ်ဖြေရှင်းခြင်းရလဒ်အပေါ် စိတ်ကျေနပ်မှု မြင့်မားစေနိုင်ခြင်း၊ စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်စဉ် အချင်းချင်း ညှိနှိုင်းအဖြေရှာခြင်းအားဖြင့် နှစ်ဖက်အမှုသည်များအကြား ဆက်ဆံရေးတိုးတက် ကောင်းမွန်လာစေနိုင်ခြင်း၊ စေ့စပ်ဖြေရှင်းရေး အောင်မြင် သည့်အခါ အမှုသည်များအနေဖြင့် မိမိတို့၏ အငြင်းပွားမှုကို အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာဖြင့် ဖြေရှင်းပြီးစီးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ တရားရုံးများမှ တရားသူကြီးများ အနေဖြင့်လည်း စေ့စပ်ဖြေရှင်းရေးအစီအစဉ် အောင်မြင်စေ ရေးအတွက် မိမိတို့ကျရာ နေရာဌာနမှ ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးကြရန်နှင့် ရှေ့နေရှေ့ရပ်ကြီးများအနေဖြင့် မိမိတို့အမှုသည်များနှင့်အတူ တရားရုံး၏ စေ့စပ်ဖြေရှင်းရေးအရာရှိနှင့် တွေ့ဆုံပြီး မိသားစုဆွေမျိုးရင်းများသဖွယ် ရင်းနှီးချစ်ခင်စွာဖြင့် တစ်စိတ်တစ်ဝမ်းတည်း ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် အများပြည်သူများ၊ အမှုသည်များမှ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အသီးအပွင့်အကျိုးကျေးဇူးများ ခံစားရအောင် ကူညီဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းမှာ ကြားလိုကြောင်း ပြောကြားသည်၊၊
ထို့နောက် တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဦးကျော်သောင်းအောင်က စေ့စပ်ဖြေရှင်းရေးဌာနနှင့် စေ့စပ်ဖြေရှင်း ရေးလုပ်ငန်းစဉ်များအား ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းပြသဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဥ်း၍ အသိပညာလက်ကမ်းစာစောင်(၄၀)စောင်ကို အခမဲ့ဖြန့်ဝေးပေးခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)