ဒေသထွက် သက်တမ်းရင့် ထန်းသားများဖြင့် ပရိဘောဂများ အစားထိုး ပြုလုပ်

မြင်းမူ ဇူလိုင်လ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊   မြင်းမူမြို့နယ်တွင် ဒေသထွက် သက်တမ်းရင့် ထန်းပင်များကို ခုတ်ယူကာ မိမိလိုအပ်သည့် ထန်းသားဆိုဒ်ကို ခွဲစိတ်ရယူပြီး ကျွန်းအစားထိုး ပရိဘောဂများအဖြစ် ပြုလုပ်ရောင်းချခြင်းများ ပြုလုပ်လာကြောင်း သိရှိရသည်။

ယခင်အချိန်များက ဒေသကထွက်ရှိတဲ့ ထန်းပင်များကို အဆောက်အဦးများနှင့် ထင်းအဖြစ်သာ အသုံးပြုခဲ့ကြကြောင်း၊ ထန်းသားအရင့်မှာ အလွန်မာကျောကြောင်း ပရိဘောဂပြုလုပ်ရာတွင်

ကျွန်းသားကဲ့သို့ လွယ်ကူမှုမရှိကြောင်း၊ ကုန်ကျမှုမှာ ကျွန်းသားလောက်မရှိကြောင်း၊ ကုန်ကြမ်းယူကာ ပစ္စည်းပြုလုပ်ပေးခြင်းများ ရှိသလို အော်ဒါမှာယူခြင်းများ ရှိကြောင်း၊ ထန်းသားပရိဘောဂများမှာ ယခုအခါ ပြည်တွင်းနှင့် ပြည်ပနိုင်ငံခြားသားများ လာရောက်တည်းခိုကြသည့် ဟိုတယ်ကြီးများတွင် အသုံးပြုလျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်တွင်သာမက    ပြည်ပနိုင်ငံများမှလည်း မှာယူသုံးစွဲလျက် ရှိသည့်အတွက်   တန်ဖိုးမြင့်ပစ္စည်းများ ပြုလုပ်ကာ  တင်ပို့ရောင်းချနိုင်ကြောင်းလည်း မြင်းမူမြို့ တပင်ရွှေထီးရပ်မှ ပရိဘောဂပစ္စည်း ပြုလုပ်ရောင်းချသူ ဦး‌မင်းအောင်ထံမှ သိရှိရသည်။

ယခုလက်ရှိ ဈေးကွက်အနေဖြင့် လက်ရာသန့်ပြီး သက်တမ်းရင့် ထန်းသားဖြင့် ပြုလုပ်ထားသည့် ဆက်တီတစ်စုံလျှင် ငွေကျပ်သိန်း(၃၀)နီးပါး ရှိသည်ဖြစ်၍ မြန်မာထန်းပင်မှ တန်ဖိုးရှိသော အပင်မျိုးဖြစ်ကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)