ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ ‘မဟာသံဃိကဒါန’ အာရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူပူဇော်ပွဲကျင်းပ

ပုသိမ် ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကြီးမှ ဝါတွင်းကာလ အာရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ပြုလုပ်လျက်ရှိရာ (၁၃) ကြိမ်မြောက် ကုသိုလ်ရှင်များ ဖြစ်ကြသည့် ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ စုပေါင်း၍ အာရုဏ်ဆွမ်းလောင်းလှူပွဲကြီးကို ယနေ့ နံနက် ၄ အချိန်တွင် ပုသိမ်မြို့ ရွှေမုဌောဘုရား အရှေ့ဘက်မုခ်ဦးရှိ (ဒေါ်လှယဉ်) ဝိသာခါ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့ပေါ်ရှိ ကျောင်းပေါင်း(၁၀၈)ကျောင်းမှ ဝါဆိုဝါကပ်တော်မူကြသော ဆရာတော် အရှင်သူမြတ် စုစုပေါင်း (၁၉၃၉) ပါးတို့အား အရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ  လှူဒါန်းပူဇော်ခဲ့ကြပြီး ပုသိမ်မြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး သံဃာတော်အရှင်သူမြတ်ငါးပါးတို့ကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကို ပြုလုပ်ရာ ပုသိမ်မြို့၊ မောင်းထောင်ကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များနာယူကြကာ အလှူရှင်များက ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။

လှူဒါန်းပွဲအပြီးတွင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာကို သာသနာ့အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတိုင်းအောင်မှ ပေးအပ်ရာ ပုသိမ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက လက်ခံရယူပြီးရေစက်ချ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ပုသိမ်မြို့၊ အောင်မြေဘုံသာ ကျောင်းတိုက် ဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူခဲ့ကြပြီး အမျှအတန်းပေးဝေခဲ့ကြသည်။ အခမ်း အနားအပြီးတွင် ကြွရောက်တော်မူခဲ့ကြသည့် ဆရာတော်ကြီးငါးပါးတို့အား အာရုဏ်ဆွမ်းနှင့် အချိုပွဲများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်