ဖျာပုံမြို့၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဖျာပုံ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုး ရခြင်းတွင် မျိုးစေ့ကုန်ကျစရိတ်သက်သာခြင်း၊ လုပ်သား ရှားပါးမှုပြဿနာကို ဖြေရှင်းပေးခြင်း၊ အချိန်တိုအတွင်း စိုက်ပျိုးဧကများစွာ စိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးချိန်သက်သာခြင်း၊ စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေရန်ရည်ရွယ်၍ ဖျာပုံတောင်ကျေးရွာအုပ်စု၊ ဦးပိုင်အမှတ် (၁၄/၂)၊ ကွင်းအမှတ်(၄၄၁A)တောင်သူ ဦးကျော်တင့်၏ လယ်မြေဧက (၄၀)တွင် ဘေးကြားတောင်ပျံ မျိုးပင်များ အား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးကွင်းသရုပ်ပြခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က အဆိုပါ ကျေးရွာရှိ တောင်သူကြီး၏ လယ်မြေတွင် ပြုလုပ်သည်။

အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ရာတွင် ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးခိုင်၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်သွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့နှင့် ဒေသခံတောင်သူများမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးကြသည်။ ဖျာပုံမြို့နယ် အနေဖြင့် Rs to Cs စီးပွားဖြစ်မျိုးသန့် မျိုးပွားမျိုးစေ့ စိုက်ပျိုးခြင်းကို အောက်ကွင်းကြီး မျိုးသန့်ခြံမှ မျိုးသန့် မျိုးစေ့ကို ရယူပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉)အုပ်စုအတွင်းရှိ တောင်သူ (၂၉)ဦးတို့၏ လယ်ယာမြေ (၁၇၀)ဧကအတွင်း မျိုးသန့်မျိုးစေ့များကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)