မင်းလှမြို့၌ ဗီဒီယိုလုပ်ငန်းမှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်များ စည်းကမ်းချမှတ်ချက်နှင့်အညီ ဖွင့်လှစ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

အထက်မင်းလှ ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ရှိ ဗီဒီယိုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်မှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန်လိုင်စင် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များရှိ/မရှိများအား မင်းလှမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့ ညနေ(၄)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  ဗီဒီယိုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိ၊ သက်တမ်းကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန်လိုင်စင် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များရှိ/မရှိ၊ ဆင်ဆာမဲ့မြန်မာ/ နိုင်ငံခြားနှင့် ညစ်ညမ်းဗီဒီယို တိတ်ခွေများဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ပြသခြင်း(ကာရာအိုကေ)တွင် သုံးစွဲခြင်းရှိ/မရှိ၊ တရားမဝင်ကူးယူထားသော မြန်မာဗီဒီယိုအချပ်/နယ်မြေလွန်၍ ပြသလျက်ရှိသော မြန်မာဗီဒီယိုအချပ်များ ရှိ/မရှိ၊ မှတ်ပုံတင်ထားရှိသောလုပ်ငန်းရှင်၊ လုပ်ငန်းသုံးပစ္စည်းများ၊ လုပ်ငန်းတည်နေရာများ ပြောင်းလဲ/ပြောင်းရွေ့ခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဇာ (အထက်မင်းလှ)