ကော့သောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး

ကော့သောင်း ဇူလိုင်၂၈

သစ်ပင်သစ်တော၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန်၊ သဘာဝဘေးဒဏ်လျော့ကြစေရန်နှင့် သားငါးပုဇွန်များ ပေါ်များလာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတောပင် စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ဝဲငယ်ကျေးရွာတွင် ပြုလုပ်ရာ ကော့သောင်းရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ NGO အဖွဲ့များ ၊ ကျေးလက်ပြည်သူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။

စိုက်ပျိုးမှုအစီအစဉ်တွင် ကော့သောင်းမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟိန်းထက်အောင်-၂နှင့် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ NGO အဖွဲ့ဝင်များ ၊ ကျေးရွာပြည်သူများ ဒီရေတောဗြူးခြေထောက်အပင် (၃၀၀၀)ကျော်ကို သတ်မှတ်ထားသည့် ပင်လယ်ဒီရေရောက် ကမ်းခြေတစ်လျှောက်တွင် တစ်ပြိုင်နက် စုပေါင်းညီညာ စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရသည်။

ကျော်စိုး (ကော့သောင်း)