ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ၌ မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့မှ ကျေးရွာဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များအသိပညာပေးဆွေးနွေး

ငဖဲ ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့မှ ဂုတ်ကြီးကျေးရွာသို့ သွားရောက်၍ ကျေးရွာဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို အသိပညာပေးရှင်းလင်း ဆွေးနွေး ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်နှင့် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေအေးချမ်းသာယာရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရပ်ရွာလုံခြုံရေးကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်အဆင့်ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသက်နိုင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိန်သောင်းတို့က ကျေးရွာလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ ထူးခြားဖြစ်စဉ်အခြေအနေများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်သွားရန်၊ ကျေးရွာအဆင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးကြီးကြပ်မှု အဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်နှင့် နယ်မြေအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြား ကြသည်။

ထိုသို့ ရှင်းလင်းဆွေးနွေးပြောကြားမှုများအပေါ် ကျေးရွာအဆင့်ပြည်သူ့လုံခြုံရေးကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ပြည်သူများက မိမိတို့ကျေးရွာအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးကာ ရပ်ရွာလုံခြုံရေး အထူးဂရုပြု ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

မယု (ငဖဲ)