ဟားခါး ဇူလိုင် ၂၈
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာ စကားပြောကြားသည်။
ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် ကိုဗစ်−၁၉ မျိုးရိုးဗီဇ ပြောင်း ရောဂါပိုး BA-4 နှင့် BA-5 ကူးစက်မှုများသည် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် မြင့်တက်လျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်ပနိုင်ငံ များမှ ပြန်လည်ဝင်ရောက်လာသူများ၌ ရောဂါပိုး တွေ့နှုန်းမြင့်တက်လာကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရကြောင်း၊ မျိုးရိုးဗီဇပြောင်း ကိုဗစ်−၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ထိုးနှံခြင်းဖြင့်သာ ထိရောက်စွာ ကာကွယ်နိုင်သည့်အတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် လိုကြောင်း၊ ပြည်နယ် အတွင်းရှိ မြို့နယ်များအလိုက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသည့် အသက်(၅)နှစ်နှင့် အသက်(၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးရန် လိုကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် မြို့နယ်များမှ တင်ပြလာသည့်အုပ်ချုပ်၊ ထောက်ပံ့မှုဆိုင်ရာများနှင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာရန်နိုင်က ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ၂၅.၇.၂၀၂၂ ရက်နေ့အထိ ချင်းပြည်နယ်အတွင်း အသက် (၁၀)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိနှင့် အသက်(၁၂)နှစ်မှ အသက် (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ရရှိ၊ သုံးစွဲ၊ လက်ကျန် စာရင်းနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ အခြေအနေနှင့် မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများကို လည်းကောင်း တက်ရောက် လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်−၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံမည့် အစီအမံများ၊ မြို့ဝင်/မြို့ထွက် ဂိတ်များကို RDT Test Kit ဖြင့် ကိုဗစ်−၁၉ ရောဂါ ရှာဖွေစစ်ဆေးမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ အသိ ပေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက အစည်းအဝေးတွင် တင်ပြချက်များကို Power Point ဖြင့် ပြည့်ပြည့်စုံစုံ တင်ပြရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လက်ကျန်များအား မြို့နယ်များ အလိုက် သတ်မှတ်ကာလအတွင်း ထိုးနှံနိုင်ရေးအတွက် စနစ်တကျ လျာထားတင်ပြသွားရန်တို့ကို ဖြည့်စွက် ဆွေးနွေးပြီး တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က မြို့နယ် တစ်ခုချင်းစီအလိုက် သုံးသပ်အကြံပြုဖြည့်စွက် ဆွေးနွေးပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)