မိုးညို ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိတစ်ပိုင် တစ်နိုင်ငါးမွေးတောင်သူများ ငါးမွေးမြူခြင်းလုပ်ငန်းကို စိတ်ပါဝင်စားသူများအား ငါးမွေးမြူခြင်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ဘုရားငူကျေးရွာအုပ်စု၊ မိုးသစ္စာကျေးရွာရှိတစ်ပိုင်တစ်နိုင်ငါးသားဖောက်စခန်းတွင် အခြေခံငါးမွေးမြူရေးနှင့် သဘာဝနည်းဖြင့် ရွှေဝါငါးကြင်းသားဖောက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီကသင်တန်းဖွင့်လှစ် ပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် မိုးညိုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းထွန်းဦးက သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အုတ်ဖိုမြို့နယ်ငါးသားဖောက်စခန်းမှ တာဝန်ခံဒေါ်မိုးသီတာကရွှေဝါငါးကြင်းအသား တိုးမွေးမြူနည်း၊ ငါးမွေးမြူရာတွင်ရွေးချယ်ရမည့်မြေနေရာနှင့်မြေအမျိုးအစား၊ ကန်တူးဖော်ခြင်း၊ ကန်အရွယ်အစား၊ ဩဇာဓာတ်ထည့်သွင်းခြင်း၊ ငါးထည့်မွေးနူန်း၊ အစာကျွေးနူန်း၊ ရွှေဝါငါးကြင်းသားဖောက်ရာတွင် အထီး/အမရွေးချယ်ခြင်းနှင့်သားဖောက်နည်းအဆင့် ဆင့်အား သင်တန်းပို့ချခဲ့ပြီးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့်အုတ်ဖိုမြို့နယ်ငါးသားဖောက်စခန်းမှတာဝန်ရှိသူများက ရွှေဝါငါးကြင်းသား ဖောက်နည်းကို သင်တန်းသား/သင်တန်းသူ ၃၀ ဦးအားလက်တွေ့ ပြသပေးခဲ့သည်။
ရွှေဝါငါးကြင်းသည် ကြီးထွားနှုန်းကောင်း၍ စားသုံးရာတွင် အရသာရှိသောငါး တစ်မျိုးဖြစ်ကြောင်း၊ ရာသီဥတုအကြမ်းခံနိုင်၍အစာမရွေးကြောင်း၊ သားဖောက်ရလွယ်ကူကာ ရောင်းချရာတွင်လည်း ဈေးကောင်းရရှိပြီး စီးပွားဖြစ်သော်လည်းကောင်း၊ တစ်ပိုင်တစ်နိုင်သော် လည်းကောင်း ဒေသမရွေးမွေးမြူနိုင်သော ငါးမျိုးဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကိုမင်း(မိုးညို)