ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်မှုများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်

ရှမ်းရွာသစ် ဇူလိုင် ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်မျိုးစိတ်သစ်" ရောဂါကြိုတင်ကာကွယ် ရေး အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် စကောကရင်ဘာသာနှင့် မြန်မာဘာသာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့် အချက်များ နှိုးဆော်ပေးရာတွင် မျိုးကွဲသစ်အိုမီခရွန်မျိုးစိတ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်သည့်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုများကို ထိရောက်စွာ လျော့ချနိုင်ခြင်းတို့ကြောင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးများကို အကြိမ်ပြည့် ထိုးနှံကြရန်၊ ဒေသနေပြည်သူများအနေဖြင့် မိမိ၏အိမ်အတွင်းသာနေထိုင်ကြရန်၊ ပြင်သို့ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ ပါးစပ်၊ နှာခေါင်းစည်းမတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို တတ်နိုင်သလောက်ရှောင် ကြဉ်ကြရန်၊ အရာဝတ္တုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်များကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်(၂၀) ကြာအောင် မကြာခဏ ဆေးကြောကြရန်စသည့် ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)