သာပေါင်းမြို့နယ် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ e-ID ရေးသွင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုစစ်ဆေး

သာပေါင်း ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရောက်ရှိလာပြီး အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များကို (Computer Software) ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကြသည်။

ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကို၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး စောအောင်သိုက်နှင့် အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်ခရိုင် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့်တို့က ဖြည့်သွင်းစိစစ်ရမည့် အိမ်ထောင်စုစာရင်းပုံစံ အရေအတွက်များအား အချိန်မီရေးသွင်းနိုင်ရေး သတ်မှတ်ရက်အတွင်း ပြီးစီးရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ယင်းနောက် ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် အဖွဲ့သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် တွေ့ဆုံ၍ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များကို Computer Software ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်းများတွင် လက်ရှိမြေပြင်စာရင်း အမှန်ရရှိရေးအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စုများအလိုက် သက်မှတ်အချိန်အကာလအတွင်း မှန်ကန် တိကျစွာ ပြီးစီးရေး တိုက်ဆိုင်စစ်ဆေး စိစစ်ကြပ်မတ် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

သာ‌ပေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်သွယ် (ယာယီ)မှ သာပေါင်းမြို့နယ် အိမ်ထောင်စု စုစုပေါင်း (၄၁၉၀၇)စု၏ အချက်အလက်များကို ဝန်ထမ်း(၁၀)ဦးဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များကို (Computer Software) ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ စက်တင်ဘာလ ၁၈ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ အိမ်ထောင်စု(၄၅၀)စု လူဦးရေ(၁၈၇၈)ဦး စာရင်းရေးသွင်း ထားရှိပြီးဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း