ကန့်ဘလူ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ကြည်ဆန်းက မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ငှက်ဖျားအင်စပက်တော်ဦးစံဝင်းက ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါ၊ ဇီကာရောဂါများသည် အေးဒီးစ်ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားရပြီး ၎င်းခြင်သည် ရေကြည်၊ ရေသန့်၊ မိုးရေ၊ ခွက်၊ ကန်အတွင်းရှိ ရေမှာ ပေါက်ပွားတတ်ကြောင်း၊ ခြင်ပေါက်ပွားပုံအဆင့်ဆင့် ဖြစ်သည့် ခြင်ဥ၊ ပိုးလောက်လန်း၊ ပိုးရုပ်ဖုံး၊ သက်ကြီးကောင် ဖြစ်စဉ်သည် ရှစ်ရက်မှ ဆယ်ရက်ခန့်အထိ ကြာမြင့် သည့်အတွက် အလွန်မြန်ဆန်ပြီး ခြင်ကောင်ဖြစ်ခြင်းမှ နှိမ်နင်းခြင်းထက် ပိုးလောက်လန်းဘဝတွင် နှိမ်နင်းခြင်းက ပိုမိုထိရောက်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း သည် အလွန်ထိရောက်ကြောင်း သို့ဖြစ်၍ ပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ဟောပြောခဲ့သည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရရှိစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အသိပညာပေး Talk Show များ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊ သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)