ဘားအံမြို့နယ်တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆရာဖြစ်သင်တန်းဖွင့်လှစ်

ဘားအံ ဇူလိုင် ၂၇

မသန်စွမ်းသူများ၏အခွင့်အရေးကို အပြည့်အဝဖော်ဆောင်ပေးနိုင်ရေး၊ လိုအပ်သောအကူအညီ အထောက်အပံ့များကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁) အပိုဒ် ၃၂ (က)တွင် နိုင်ငံတော်သည်မသန်စွမ်းသူများကိုကြည့်ရှုစောင့်ရှောက်ရမည်ဟု အတိအလင်းဖော်ပြထားရှိကြောင်း၊ ပြည်နယ်အတွင်း မသန်စွမ်းသူများအရေးကိစ္စနှင့်ပတ်သက်၍ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီအသီးသီးကို ဖွဲ့စည်းထားရှိပြီး မသန်စွမ်းသူများ၏အရေးကိုဆောင်ရွက်လျက်ရှိကာ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန် လည်ထူထောင်ရေးဦးစီးဌာနတို့မှလည်း မသန်စွမ်းသူများကို ရန်ပုံငွေရရှိမှုအလိုက် ထောက်ပံ့ပေးနေကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှေ့ပြေးစီမံချက်အကောင် အထည်ဖော်နိုင်ရေး ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ကျန်ရှိသောမြို့နယ်များတွင်လည်း ဆောင်ရွက်နိုင်ရေး ဆက် လက်ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်မြမာလာစိုးက မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန ထိခိုက်လွယ်အုပ်စုများဌာနခွဲ ညွှန်ကြားရေးမှူး ဦးစည်သူဝင်းက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။

ကရင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေ ၃၀၁၄၄(သုံးသောင်း တစ်ရာလေးဆယ့်လေးဦး) ရှိပြီး ရာခိုင်နှုန်းအားဖြင့် လူဦးရေ၏ ၆ ဒသမ ၆ ရာခိုင်နှုန်းရှိကာ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စတုတ္ထအများဆုံးဖြစ်ရာ မသန်စွမ်းသူများအနေဖြင့် လိုအပ် သောပံ့ပိုးမှုများရရှိပါက အမှီအခိုကင်းစွာ ကိုယ်တိုင်ပိုမိုရပ်တည်လာနိုင်မည်ဖြစ်သည်။

မသန်စွမ်းသူများ၏ အကျိုးကိုပိုမိုထိရောက်စွာဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုသင်တန်းကို ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့က သင်တန်းသား/သူ ၁၀၇ ဦးအား ဇူလိုင်လ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၂ ရက်ကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)