ပေါက်ခေါင်း စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့မှ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်များအတွက် ဆောင်ရန်၊ ရှောင်ရန်များကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့ အမှတ်(၅)ရပ်ကွက်၊ ဗောဓိကုန်းကျေးရွာ၊ လေးကြီးကျေးရွာ၊ အင်ငါးခွကျေးရွာ၊ သိုက်ကျင်းမကျေးရွာနှင့် သဖန်းချိုကျေးရွာတို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ပြည်သူများမှ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်နှင့် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်နှင့် လက်ကိုဆပ်ပြာနှင့် ဆေးကြောရန် စသည့် အချက်များနှင့် လေဘေး၊ ရေဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များ အတွက် ဆောင်ရန်၊ ရှောင်ရန်တို့ကို အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)