ပုသိမ် ဇူလိုင် ၂၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်ပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသူ၊ တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည် ရှေးယခင်ကပင် တိုင်းရင်းသား လူမျိုးစုံစွာ ချစ်ကြည်ရင်းနှီးစွာအတူတကွ နေထိုင်လာခဲ့ပါကြောင်း၊ တိုင်းရင်းသားတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားတို့ကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုတို့ကို ပိုမိုရရှိစေရန် ရည်ရွယ်၍ တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ဖြန့်ဝေပေးခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉) ရပ်အနက် လူမှုရေးဦးတည်ချက်တွင် တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဦးတည်ချက်ဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အဓိက ကဏ္ဍတစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ၂၀၁၇-၂၀၁၈၊ ပညာသင်နှစ်ကစ၍ စကောကရင်၊ ပိုးကရင်၊ အရှိုချင်းနှင့် ရခိုင် တိုင်းရင်းသား ဘာသာစာပေသင် Teaching Assistant(TA)၊ Language Assistant(LA)ဆရာ၊ဆရာမ များခန့်ထားပေးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှာရှိကြတဲ့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများအနေဖြင့် မိမိတို့ရဲ့ တိုင်းရင်းသား လူမျိုးများရဲ့ စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်းနှင့် တိုင်းရင်းသား အားလုံးတို့၏ စုစည်းချစ်ကြည် ညီညွတ်တဲ့စွမ်းပကားများနဲ့ မိမိတို့ တိုင်းဒေသကြီး တစ်ခုလုံး အေးချမ်းသာယာပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့မှ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း ကိုယ်စားလှယ်များသို့ တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ အသီးသီး ပေးအပ်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများကိုယ်စား ကိုယ်စားလှယ် တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြပြီး ခင်းကျင်းပြသထားသည့်တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု သမိုင်းမှတ်တမ်းစာအုပ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဝတ်စားဆင်ယင်မှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်ပေးအပ်ခြင်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် (၁) ကြိမ်၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် (၁) ကြိမ်ဖြန့်ဝေပေးခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စကောကရင်၊ ပိုးကရင်၊ အရှိုချင်း၊ ဗမာ၊ မွန်နှင့်ရခိုင် တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်ပေါင်း (၁၀၆၄၀၀) ကျော်ကိုပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)