မြဝတီမြို့နယ် ကုန်းမလေးကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း စိုက်ပျိုးရေးနှင့် မွေးမြူးရေးဆိုင်ရာ သင်တန်းပေး

မြဝတီ စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကုန်းမလေးကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) နှင့် ပတ်သက်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မြဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦး ငွေစိုးက  ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံစီးပွားရေး နှင့် လူမှုရေးကဏ္ဍအပေါ် တိုက်ရိုက်နှင့် သွယ်ဝိုက်ဆိုးကျိုးများ ဖြစ်ပေါ်လာလျက်ရှိသည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၎င်းတို့ဖြစ် ပေါ်နေသော စီးပွားရေး၊လူမှုရေး ကဏ္ဍများကို ဖြေရှင်းနိုင်ရန်အတွက် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းစိုက်ပျိုးရေးနှင့် မွေးမြူးရေးဆိုင်ရာ နည်းပညာသင်တန်းကို ဖွင့်လှစ်၍ သင်တန်းပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍   မြဝတီမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးထွန်းအောင်နိုင် က  ဝဥစိုက်ပျိုးခြင်းဆိုင်ရာ အခြေခံများ၊ အစေ့ထုတ်ပြောင်း သီးနှံ တစ်ဧက အထွက်အများဆုံး ရရှိစေမည့် စိုက်ပျိုး ရေးဆိုင်ရာ အလေ့အထကောင်းများ၊ ပဲတီစိမ်းသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများတို့ကို ဆက်လက်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသို့ တက်ရောက်လာသော ရွာသူရွာသားများကို စိုက်ပျိုးရေးဆိုင်ရာ လက်ကမ်းစာစောင်များနှင့် မွေးမြူရေးဆိုင်ရာ လက်ကမ်းစာစောင်များ ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်