လွိုင်ကော် ဇူလိုင် ၂၇
ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ ဆေးရုံအုပ်ကြီး၊ ပြည်နယ် ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါဖြစ်ပွားမှုနှင့် ကြုံတွေ့လာပါက ဆောင်ရွက်ပေးရမည့် နည်းလမ်းများ၊ ရောဂါကုသရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ကာကွယ်ဆေး ထိုးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသံလွင်အောင်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ လွိုင်ကော်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်က ပြည်နယ်အတွင်းရှိ မြို့နယ် / တိုက်နယ်ဆေးရုံ များ၏ အခြေအနေနှင့်ကုသရေး ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ထပ်မံပေါင်းစပ် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ပြည်နယ် ပြည်သူ့ဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆေးရုံအတွင်းရှိ ဆေးကုသဆောင်၊ ကလေးလူနာဆောင်၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုလူနာဆောင်နှင့် ခွဲစိတ်ကုသဆောင်များသို့ သွားရောက်၍ ဆေးကုသလျက်ရှိသော လူနာများအား ကြည့်ရှုအားပေးစကားပြောကြားပြီး အာဟာရဖြည့် အစားအသောက်များ ပေးအပ် လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် ဆေးရုံ၏ ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် သာယာလှပရေး ဆောင်ရွက်ထားမှု၊ ဆေးရုံဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)