သာယာဝတီ ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းများအတွက် ယမန်နေ့ နေ့လယ် ၂ နာရီ က ဂျပန်နိုင်ငံ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (Shanti Volunteer Association) (SVA) မှ စာအုပ်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ စာအုပ်များလှူဒါန်းရာတွင် ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့ (SVA)မှ လက်ထောက်ညှိနှိုင်းရေးမှူး ဒေါ်သင်းသင်းမြတ်နှင့်အဖွဲ့က ဂျပန်နိုင်ငံမှ မှတ်ပုံတင်ထုတ်ဝေထား သည့် (မြန်မာဘာသာပြန်) ကလေးဖတ် ရုပ်ပြပုံပြင်စာအုပ် (၁၂) မျိုးပါအုပ် (၆၀) နှင့် စက္ကူပြဇာတ် (တစ်စုံ) တို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သာယာဝတီခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်ထံ ပေးအပ်လှူဒါန်းခဲ့ရာ လှူဒါန်းမှုအတွက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (SVA)မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သာယာဝတီခရိုင်အတွင်းရှိ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းနှင့် နတ်တလင်းမြို့နယ်ရုံး ကလေးစာဖတ်ခန်းများ အတွက်လည်းအလားတူ စာအုပ်များပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)