ကန်ကြီးထောင့် စက်တင်ဘာ ၁၀
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက အပင်နှစ်ဆယ်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးသန့်ဇင် ဦးဆောင်သောအဖွဲ့က အပင်နှစ်ဆယ် ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများ၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများနှင့် ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်သူများကို သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များရရှိရေး ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဇူလိုင် ၁၁ ရက်မှ စတင်ကာ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့အထိ ဒေသခံပြည်သူ ၃၆၀၀ ကျော်အား နိုင်ငံသားစိစစ်ရေး ကတ်များရရှိရေး ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထံမှ သိရသည်။
နန်းထိုက် (ပြန်/ဆက်)