ပဲခူး စက်တင်ဘာ ၁၀
ပဲခူးမြို့ ဥဿာမြို့သစ်၊ (၆)ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ရရှိသူများ ကိုဗစ်−၁၉ ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုထုတ်ပေးခဲ့ကြောင်းသိရသည်။ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အုပ်စုလိုက်ခွဲပြီး ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေး ရုံးမှ တိုင်းဒေသကြီးဦးစီးမှူးဒေါ်ကေသီခိုင်နှင့် ပဲခူးမြို့နယ် ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်တို့က COVID-19ရောဂါကာလအတွင်း ယာယီပိတ်သိမ်း ထားသည့် ပဲခူးမြို့နယ် အတွင်းရှိ အလုပ်ဌာန(၄၁)ဌာနမှ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀%)ရရှိသူ စုစုပေါင်း အာမခံအလုပ်သမား (၈၉၂)ဦးတို့အတွက် ထောက်ပံ့ငွေ(၄၁၁၅၅၇၆၀.၆)ကျပ်အား သက်ဆိုင်ရာ အလုပ်ဌာနများမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ပဲခူးမြို့နယ်လူမှုဖူလုံရေးဦးစီးဌာနအနေဖြင့် COVID-19ကာလအတွင်း ခေတ္တယာယီ ပိတ်သိမ်း ထားသည့် ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ပထမအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ (၅)ခုမှ အာမခံအလုပ်သမား (၁၅၄၀)ဦးအားလည်းကောင်း၊ ဒုတိယအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ(၂)ခုရှိ အာမခံအလုပ်သမား (၁၂၆၃)ဦးအားလည်းကောင်း၊ တတိယအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ(၂၂)ခုမှ အာမခံအလုပ်သမား (၁၄၃၆၄)ဦးအားလည်းကောင်း၊ စတုတ္ထအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ(၁၃)ခုမှ အာမခံအလုပ်သမား (၅၉၅၅)ဦးအားလည်းကောင်း၊ ပဉ္စမအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ(၆)ခုမှ အာမခံအလုပ်သမား (၈၅၃၄)ဦးအားလည်းကောင်း၊ ဆဌမအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ(၂၀)ခုမှ အာမခံအလုပ်သမား (၉၅၂၀)ဦးအားလည်းကောင်း၊ သတ္တမအကြိမ်တွင် စက်ရုံ၊ အလုပ်ရုံ(၁၉)ခုမှ အာမခံအလုပ်သမား (၃၉၇) ဦးအားလည်းကောင်း၊ အဌမအကြိမ်တွင် အလုပ်ဌာန(၄၁)ခုမှ အာမခံအလုပ်သမား (၈၉၂) ဦးအားလည်းကောင်း စုစုပေါင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၁၂၈)ခုမှ အာမခံအလုပ်သမား (၄၂၄၆၅) ဦးအား လူမှုဖူလုံရေး ထောက်ပံ့ ကူညီမှု အကျိုးခံစားခွင့်(၄၀%)အား ထောက်ပံ့ ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)