ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များငှားရမ်းပေး

ထားဝယ် ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များကို ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက ကူညီဆောင်ရွက်ခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၀၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)