ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြအခမ်းအနားကျင်းပ

ဘုတ်ပြင်း ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီ၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပရဟိတအဖွဲ့ဝင်များပူးပေါင်း၍ ယမန်နေ့ညနေပိုင်းက ဘုတ်ပြင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က-တောင်ဒဂုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးကိုကိုဝင်းက သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်နေမှုအခြေအနေများ၊ မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ၏ သတိပေးထုတ်ပြန်ချက်များ၊ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဆောင်ရန်ရှောင်ရန်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား ပြောကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်တို့က ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ အသက်ကယ် Life Jacket ဝတ်ဆင်အသုံးပြုနည်းများ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးချည်နည်းစနစ်များ၊ လူနာသယ်နည်းစနစ်များ၊ အသက်ကယ်ဝတ်စုံဝတ်ဆင်နည်းများနှင့် ရှေးဦးသူနာပြုစုနည်းများစသည့်တို့ကို ကျောင်းသား/သူများအား သရုပ်ပြသကာ လက်တွေ့လုပ်ဆောင်စေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ဝေသည့် သဘာဝဘေးဘေး(၈)မျိုးပါဝင်သော လက်ကမ်းစာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)