မြန်မာနိုင်ငံစာရေးဆရာအသင်း၏ တတိယအကြိမ်ညီလာခံအတွေ့အကြုံထပ်ဆင့်ရှင်းလင်း

မြစ်ကြီးနား ဇူလိုင် ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် စာရေးဆရာအသင်း၏ တတိယအကြိမ်မြောက် ညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့် မြို့နယ်စာရေးဆရာအသင်း အမှုဆောင်အဖွဲ့၏ အစီရင်ခံစာ တင်ပြရှင်းလင်းခြင်းကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၃ နာရီက မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ မြို့နယ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးရန်နိုင်ဘုန်းမြင့် (ဆရာ ရန်နိုင်ဘုန်းမြင့်)၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌမှ မြန်မာနိုင်ငံစာရေးဆရာအသင်း၏ တတိယ အကြိမ်မြောက် ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး တတိယအကြိမ်ညီလာခံသို့ မြို့နယ်စာရေးဆရာအသင်းကိုယ်စားပြု တက်ရောက် ခဲ့သည့် အတွင်းရေးမှူး ဦးကျော်မော် (မြစ်ငယ်ကျော်မော်)က မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ချမှတ်ထားသည့် အမှုဆောင်အဖွဲ့ ဖွဲ့စည်းထားရှိမှု၊ နှစ်စဉ်ကြေးနှင့် ဝင်ကြေးငွေပေးသွင်းမှု၊ အသင်းသားဦးရေနှင့် လျောက်ထားဆဲ အသင်းသားဦးရေအင်အား စသည်တို့အား တတိယအကြိမ် ညီလာခံသို့ ပေးပို့တင်သွင်းသည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး ဦးဝင်းကြည်(ရွှေမြာ လှဝင်းဆွေ)မှ မြို့နယ်စာရေးအသင်း ဘဏ္ဍာငွေ စုဆောင်ထားရှိမှုနှင့် ဘဏ္ဍာငွေမှ  ၂၀၂၁ ခုနှစ် မဲခေါင် စာပေဆုရှင် ဦးဇော်ဝင်အောင်(ဆရာအကြီးကိုကို(ကသာ))အား ဂုဏ်ပြုပွဲကျင်းပနိုင်မှု၊ လက်ကျန် ဘဏ္ဍာငွေစာရင်းများအား ရှင်းလင်းတင်ပြခဲ့ပြီး ဦးကျော်မော်(မြစ်ငယ် ကျော်မော်)က မြန်မာနိုင်ငံစာရေးဆရာ အသင်းမှ တတိယအကြိမ် ညီလာခံတွင် ဆုံးဖြတ်ချက်(၂)ရပ်နှင့် အတည်ပြုချက် (၃)ရပ်အား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့်  အသင်းဝင်များက အလုပ်အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးဆိုင်ရာ တင်ပြချက်များအား အတည်ပြုချက်ရယူပြီး အစည်းအဝေးအား ရုတ်သိမ်း လိုက်ကာ အစည်းအဝေးသို့ အမှုဆောင်အဖွဲ့ဝင်များနှင့် စာရေးဆရာ(၇)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

ယော်ဆောင်(ပြန်/ဆက်)