မြိတ်မြို့တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ကုန်းဖောက်ချောင်းအား စည်ပင်သာယာရေးအဖွဲ့မှ တူးဖော်ဆောင်ရွက်ပေး

မြိတ် ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ချောင်းကောနေသည့် မြိတ်တောင်ကျေးရွာရှိ ကုန်းဖောက်ချောင်းအား ကုန်း/ရေနှစ်တန်သွား ဘက်ဟိုး(မြေတူးယာဉ်)ဖြင့် ချောင်းအတွင်း အမှိုက်သရိုက်များ၊ နုန်းမြေများ တူးဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကုန်းဖောက်ချောင်းသည် အမှိုက်သရိုက်များ၊ နုန်းများဖြင့် ပိတ်ဆို့နေသဖြင့် မိုးရာသီတွင် ချောင်းရေလျှံ၍ ရပ်ကွက်အတွင်း လမ်းပေါ်နှင့် နေအိမ်အောက်ခြေများသို့ ရေများဝင်ရောက်လေ့ရှိသဖြင့် ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းပေါ်ရေဝပ်မှုမဖြစ်စေရေးနှင့် ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ချောင်းအတွင်းရှိ အမှိုက်သရိုက်များ တူးဖော်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

“ကုန်းဖောက်ချောင်းက မိုးကောင်းရင်ကောင်းသလို တစ်ရက်နဲ့တစ်ညရွာလိုက်ရင် လမ်းပေါ်ရေလျှံပါတယ်။ ချောင်းအတွင်း အမှိုက်တွေပိတ်ပြီး ရေစီးရေလာမရှိတဲ့အတွက် လမ်းမတွေပေါ်ရေရောက်ပါတယ်။ ပင်လယ်ဒီရေတက်ချိန်ဖြစ်ရင် လမ်းသွားလာမှုတွေ အခက်အခဲဖြစ်ပါတယ်။ စည်ပင်က အခုလိုလာရောက်တူးဖော်ပေးတဲ့အတွက် ရေစီးရေလာကောင်းမွန်သွားပါပြီ။ ကောင်းမွန်ပြီဖြစ်တဲ့ချောင်းကို ထိန်းသိမ်းဖို့လိုအပ်သလို ချောင်းတစ်လျှောက် ကျောက်နံရံစီပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ကုန်းဖောက်ချောင်းသည် မြိတ်တောင်ကျေးရွာရှိ ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းပြီး တနင်္သာရီမြစ်အတွင်း စီးဆင်းသည့်ချောင်းဖြစ်ကြောင်း၊ ချောင်းကောမှုဖြစ်နေသည့် ရာပြည့်ရပ်ရှိ ချောင်းအရှည်(၁၅၀၀)ပေကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြေတူးယာဉ်ဖြင့် အကျယ်(၁၈)ပေ၊ အနက်(၅)ပေ တူးဖော်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ပေးခဲ့သောကြောင့် ရပ်ကွက်နေပြည်သူများ သွားလာမှုအဆင်ပြေခဲ့ပြီဖြစ်ကြောင်း၊ ချောင်းတူးဖော်ရေးလုပ်ငန်းကို ဇူလိုင်(၁၅)ရက်မှစတင်ခဲ့ရာ ယမန်နေ့တွင် လုပ်ငန်းပြီးစီးခဲ့ကြောင်း မြိတ်စည်ပင်မှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)