ပြည် ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ စည်ပင်သာယာမြို့မဈေးကြီး၌ ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာများပူးပေါင်း၍ ဈေးရောင်း/ဈေးဝယ် ပြည်သူများအား မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကာကွယ်နိုင်ရန် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ထွေ/အုပ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က အဆိုပါနေရာရှိ ဈေးရောင်း/ဈေးဝယ် ပြည်သူများ၊ အနှေးယာဉ်ဂိတ်နှင့် ကားဂိတ်များရှိ ပြည်သူများအား မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကာကွယ်နိုင်ရန်ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးနှင့် ထပ်ဆောင်းကာကွယ်ဆေးကိုပါ ထိုးနှံကြရေး၊ ယင်းအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရည်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအနက် အရေးပါသည့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျတပ်ဆင် သွားလာနေထိုင်ရေးတို့ကို အသိပညာပေးနှိုးဆော် တိုက်တွန်းပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရည်ကာကွယ်ရေးအတွက် မဖြစ်မနေ (Mask) တပ်ဆင်ရမည့် အခြေအနေများမှာ အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေခြင်း၊ အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စသည့် ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်/ထွက်သွားလာ အသုံးပြုသော ဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ ကျောင်းများ၊ ဈေးများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူထူထပ်သောနေရာများ၌ လူအများနှင့် အတူရှိနေခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာ ပျောက်ဆုံးခြင်းစသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခုရှိခြင်း အစရှိသည့်အခြေအနေများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အား မဖြစ်မနေတပ်ဆင်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)