အထက်မင်းလှ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Programဖြင့် ထည့်သွင်း ရိုက်ကူးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် စုပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီက ကြည့်ရှုစစ်ဆေး ခဲ့သည်။
အဆိုပါလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်ဦးဆောင်မှုတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော နိုင်-၄ ကိုယ်ရေးအချက်အလက်များကို အခြေခံကာ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားများ၏ ကိုယ်ရေး အကြောင်းအရာများကို သိရှိလိုအပ်လျှင်သော်လည်းကောင်း၊ တိကျမှန်ကန်သော အထောက်အထားများကို အမြန်ဆုံးသိရှိနိုင်ရေးတို့အတွက် အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းရိုက်ကူးရခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ရေးသွင်းရာတွင် ကန့်သတ်ကာလများအလိုက် ထည့်သွင်း ရိုက်ကူးရမည်ဖြစ်ပြီး လုပ်ငန်းများအမြန်ဆုံးပြီးစီးဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) e-ID စနစ် Software Program ဖြင့် ထည့်သွင်းရိုက်ကူးနည်းသင်တန်း ဖွင့်လှစ်ပြီး ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်သူ ဝန်ထမ်းများအား စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်း၌ အိမ်ထောင်စု(၂၈၃၅၃)စုရှိပြီး၊ ဇူလိုင်လ (၁၈)ရက်နေ့မှစတင်၍ စာရင်းရေးသွင်းခဲ့ရာ ဇူလိုင်(၂၅)ရက်နေ့အထိ အိမ်ထောင်စု(၂၈၃၅)စု ရေးသွင်းဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစန်းမင်းထံမှ သိရသည်။
မင်းလှမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပုံစံများအား Software Programစနစ်ဖြင့် ထည့်သွင်းရိုက်ကူးရေးလုပ်ငန်းများ အမှန်ဆုံးနှင့် အမြန်ဆုံးပြီးစီး ဆောင်ရွက်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)