ပွင့်ဖြူမြို့နယ် ဝဲဒေါင့်ကျေးရွာတွင်  မြေအောက်ရေဖြင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဝဲဒေါင့်ကျေးရွာတွင် မြေအောက်ရေဖြင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းပြီး  ကွမ်းရွက်များ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရ၍ နေ့စဉ် သီးနှံဝင်ငွေရရှိနေကြောင်း အဆိုပါ ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

“ ကျွန်မတို့ ပွင့်ဖြူမြို့နယ်က အညာကျေးလက်ဒေသတွေမှာ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ သီးနှံအပိုဝင်ငွေရရှိအောင် ဥယျာဉ်ခြံမြေအဖြစ်ဆောင်ရွက်ပြီး မြေအောက်ရေနဲ့ ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ကွမ်းစိုက်ပျိုးရေးလုပ်ငန်းက စိုက်ပျိုးပြီး တစ်လခွဲသားအရွယ်မှာ ခေါင်ညွန့်နှိမ်ပေးရတယ်၊ သုံးလအကြာမှာ ရောင်းတန်းဝင် ကွမ်းရွက်များကို စတင်ဆွတ်ခူး ရောင်းချရပါတယ်။ ကွမ်းခြံကိုတော့ မှိုရောဂါမကျရောက်စေဖို့ အထူးဂရုစိုက်ပေးရတယ်၊ နောက်ပြီး ကွမ်းပင်အခြေတွေမှာ ရေမဝပ်စေဖို့လည်း ပြုပြင်ပေးရတယ်။ အပင်ခြေတွေမှာ ရေဝပ်ခဲ့ရင် မြစ်ဆွေးနာနဲ့ အရိုးပုပ်တာတွေ ဖြစ်တတ်ပါတယ်။ စိုက်ပျိုးရေလည်း အဆင်ပြေတာရယ်၊ သေချာစနစ်တကျ စိုက်ပျိုးနိုင်တာကြောင့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းပါတယ်။ ကွမ်းဈေးကတော့ ကွမ်းနုဝါက တစ်ပိဿာကို ငွေကျပ် ၇၀၀၀ လောက် ရောင်းရပြီး ရိုးရိုးကွမ်းကြမ်းက တစ်ပိဿာကို ငွေကျပ် ၁၅၀၀၊ ၂၀၀၀ လောက်ပဲ ရောင်းရတယ်။  ကွမ်းခြံအပြင် တစ်ခြား ဟင်းသီးဟင်းရွက်တွေလည်း စိုက်ပျိုးထားလို့ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိလို့ အဆင်ပြေပါတယ်။ ခုလို ကွမ်းခြံအောင်မြင်ဖြစ်ထွန်းပြီး ကွမ်းရွက်လှိုင်လှိုင်ဆွတ်ခူးရောင်းချရချိန် ယခုထက် ဈေးကောင်းရရှိရင် ပိုပြီးအဆင်ပြေပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဝဲဒေါင့်ကျေးရွာမှ ကွမ်းစိုက်တောင်သူ ဒေါ်ဝေက ပြောသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )