ဖားဆောင်း ဇူလိုင် ၂၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ မိုးနေကြာ (ရေဆင်း-၁)စိုက်ဧကစိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီ အချိန်တွင် ပါပုကျေးရွာနေ တောင်သူဦးဘီစနူး၏ ယာမြေနေရာ၌ စိုက်ပျိုးထားသော မိုးနေကြာ (ရေဆင်း-၁) စံပြစိုက်ခင်း ၂ ဧက နေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် စံပြစိုက်ခင်းများ စတင်စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက ဒေသတွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံမိုးနေကြာ(ရေဆင်း-၁)နှင့် ဆောင်းနေကြာကို ပိုမိုစိုက်ပျိုးနိုင်ရေးပညာပေးစည်းရုံးခြင်း၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်သီးညှပ်စိုက်ပျိုးခြင်းများ စည်းရုံးဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ်အတွင်း မိုးနေကြာ(ရေဆင်း-၁)(၂)ဧကနှင့်ဆောင်းနေကြာ စိုက်ပျိုးရန် လျာထားဧကမှာ (၁၄၅)ဧကရှိရာ မိုးနေကြာ(၂)ဧက စိုက်ပျိုးထားပြီး စိုက်ပျိုးရန်အတွက် လိုအပ်သောမျိုးကောင်း၊ မျိုးသန့်များရရှိနိုင်ရေး၊ သိပ္ပံနည်းကျစိုက်ပျိုးရေး၊ အပင်ပြုစု စောင့်ရှောက်ရေး နည်းစနစ်များ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ရိတ်သိမ်းချိန် လွန်နည်းပညာများကို တောင်သူများအချိန်မီ သိရှိနိုင်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၊ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ သီးနှံအထွက်နှုန်းတိုးစေရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေးတို့အတွက် မြေသြဇာများကိုလည်း ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
နန်းသဲနုအောင်