ဖားဆောင်း စက်တင်ဘာ ၁၀
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသေးသော မဲဆန္ဒရှင် ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားရရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ သစ္စာစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဖားဆောင်းမြို့နယ် ဦးစီးမှူးရုံးနှင့် NRC အဖွဲ့တို့ ပူးပေါင်း၍ မော်ချီးဒေသရှိ မော်ချီးကျေးရွာအုပ်စု၊ မိုဆာခီးကျေးရွာအုပ်စု၊ ကရယ်ခီး ကျေးရွာအုပ်စုနှင့် ကော်ဒူဒိုးကျေးရွာအုပ်စုနေ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို (၇-၉-၂၀၂၀)ရက်နေ့မှ(၉-၉-၂၀၂၀)ရက်နေ့ထိ လိုခါးလို ကျေးရွာ ခန်းမဆောင်၌ ပြုလုပ်ပေးပြီး လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း အတွက် အိမ်ထောင်စု(၁၀)စု ၊နိုင်ငံသားစိစစ်ရေးကဒ်ပြား ကျား(၅၂)ကဒ်၊ မ(၅၀)ကဒ် စုစုပေါင်း (၁၀၂) ကဒ်တို့ကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းမောင်၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်စိုး၊NRC မှကွင်းဆင်းတာဝန်ခံ ဒေါ်ဖရေမြာစိုးနှင့် မော်ချီးကျေးရွာအုပ်စု တာဝန်ခံတို့က လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)