မင်းဘူး စက်တင်ဘာ ၁၀
မင်းဘူးမြို့တွင် Positive ပိုးတွေ့အတည်ပြုလူနာနှင့်ဆက်စပ်သူ ၁၃ ဦး၏ Swab စစ်ဆေးချက်မှာ ယနေ့နံနက်ပိုင်းတွင် ပိုးမတွေ့ (Negative) အဖြေထွက်ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံထံမှ သိရသည်။
Case (1155) သည် စက်တင်ဘာ တစ်ရက်နေ့ ညပိုင်းတွင် မင်းဘူးမြို့ရှိ ဟိုတယ်တစ်ခုတွင် ညအိပ်တည်းခိုခဲ့ပြီး ၎င်းနှင့်ဆက်စပ်သူ ၁၃ ဦးကို စက်တင်ဘာ ၅ ရက်နေ့တွင် ဟိုတယ်တွင် ကန့်သတ်စောင့်ကြည့်ထားရှိပြီး စက်တင်ဘာ ၆ ရက်နေ့က နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် Swab များကို ပထမအကြိမ် ရယူ၍ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပိုးမတွေ့(Negative) အဖြေထွက် ရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောကြားခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာနှင့် ဆက်စပ်သူ ၁၃ ဦးကို ယနေ့ညနေပိုင်းတွင် Swab များရယူ၍ ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)