ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်ဘွဲမြို့နယ် ထီလုံကျေးရွာအနီးရှိ ရေဘုတ်ရေလှောင်တမံနှင့် ဘားအံစက်မှုဇုန်းအနီးရှိ လျှိုပိတ်တမံများအား ကြည့်ရှုစစ်ဆေး

ဘားအံ ဇူလိုင် ၂၅

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအနီးရှိ ရေဘုတ်ရေလှောင်တမံနှင့် ဘားအံစက်မှုဇုန်အနီးရှိ မိဇံလျှိုပိတ်တမံများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ရေဘုတ်ရေလှောင်တမံရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးသန်းဦးက ရေလှောင်တမံ ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်နေသည့် အခြေအနေ၊ တမံအတွင်းရေဝင်ရောက်မှု အခြေအနေ၊ စိုက်ပျိုးရေ ဖြန့်ဝေပေးနေမှုအခြေအနေ၊ သမ္ဗာန်ကျေးရွာနှင့် နောင်သငဲ့ကျေးရွာ အနီးဆောင်ရွက်မည့် ငါးမွေးမြူရေးကန်များအား ရေသွင်း၊ ရေထုတ် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေဘုတ်ရေလှောင်တမံ၏ ပင်မတမံ၊ ရေထုတ်ပြွန်၊ ရေပိုလွှဲ၊ အကူရေပိုလွှဲနှင့် အရေးပေါ်ရေပိုလွှဲတို့အား ကြည့်ရှုစစ်ဆေးပြီး ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ပွားနိုင်ရန်အတွက် ရေလှောင်တမံ၏ ရေဝေရေလဲဧရိယာတွင် သစ်ပင်များ စိုက်ပျိုးကြရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်အနီးရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မိဇံလျှိုပိတ်တမံ အမှတ် (၃)၊ (၁)၊ (၄)၊ (၂) တို့တွင် လက်ရှိရေသိုလှောင်နိုင်သည့်ပမာဏထက် ပိုမိုကျော်လွန်သိုလှောင်ထားနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မြေပြင်ကွင်းဆင်းတိုင်းတာ၍ စီမံချက်ရေးဆွဲပြန်လည်တင်ပြပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)